အိပ်ရေးပျက်ခြင်းနဲ့ သွေးတိုးရောဂါ ဆက်စပ်မှု ရှိသလား
အိပ်ရေးဝအောင် မအိပ်ချင်တဲ့သူရယ်လို့တော့ ရှိမယ်မထင်ပါဘူး။ အိပ်စက်ခြင်းဟာ ဇီမ်ခံတာ၊ အပျင်းထူတာလည်း မဟုတ်ပါဘူး။ လုံလောက်အောင် အိပ်စက်တာနဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ အသားအရေလှပမှုတို့ဟာ ဆက်စပ်နေပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီအိပ်မှ လုံလောက်တယ်လို့ ပညာရှင်များက ဆိုပါတယ်။
အိပ်ရေးမဝတဲ့အခါ လေးလံထိုင်းမှိုင်း၊ စိတ်မကြည်သာ၊ အာရုံစူးစိုက်မှုမရတာမျိုးတွေ ဖြစ်လာတဲ့အပြင် ကြာရှည်လာတဲ့အခါ စိတ်ဓာတ်ကျတာ၊ နှလုံးအမောဖောက်တာ၊ လေဖြတ်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် အိပ်ရေးပျက်တာနဲ့ သွေးတိုးရောဂါကရော ဆက်စပ်နေသလား?
လုံလောက်အောင် အိပ်စက်ခြင်းဟာ stress hormones တွေကို လျော့ကျစေပါတယ်။ အိပ်ရေးမဝတဲ့အခါ stress hormones တွေ မြင့်တက်နေတဲ့အတွက် ခန္ဓာကိုယ်အတွင်းမှာ ရောင်ရမ်းမှုတွေ ဖြစ်လာပြီး သွေးကြောတွေ ကျဥ်းလာပါတော့တယ်။ ကျဥ်းလာတဲ့သွေးကြောတွေကြောင့် သွေးဖိအားတွေ များလာပြီး သွေးတိုးရောဂါ ဖြစ်လာနိုင်တာပါ။
အိပ်ရေးပျက်တာ ကြာရှည်လာရင် ကျားမအရွယ်မရွေး သွေးတိုးရောဂါ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ နကိုကတည်းက သွေးတိုးရောဂါအခံရှိပြီး အိပ်ရေးလည်းပျက်ရင်တော့ နှလုံးရောဂါက ပိုမိုဆိုးဝါးလာမှာပါ။
ဘာ့ကြောင့် အိပ်ရေးမဝတာလဲ?
စိတ်ဖိစီးမှုတွေရှိနေတဲ့အခါ စိတ်ညစ်ညစ်နဲ့ မထတမ်းအိပ်သူတွေ ရှိတတ်သလို မအိပ်နိုင်မစားနိုင်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ စိတ်အရမ်းဖိစီးတဲ့အခါ ဘယ်လိုမှမအိပ်နိုင်ပဲ ကြောင်တောင်တောင်ဖြစ်နေတဲ့သူတွေကို တွေ့ဖူးမှာပါ။ အလုပ်၊ ကျောင်း ဒါမှမဟုတ် အိမ်ကြောင့် ၊ ငွေးရေးကြေးရေး၊ ကျန်းမာရေးကြောင့်စသဖြင့် စိတ်ဖိစီးရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်မရ၊ အိပ်ရေးမဝတော့ စိတ်ဓာတ်ကျပြီး လုံးလည်ချာလည်လိုက်ရင်း သွေးတိုး၊ နှလုံးရောဂါတွေ ရလာနိုင်ပါတယ်။
Sleep disorders လို့ခေါ်တဲ့ ကောင်းစွာအိပ်မပျော်တဲ့ ပြဿနာတွေ ရှိနေရင်လည်း အိပ်ရေးမဝပါဘူး။ Sleep apnoea လို့ခေါ်တဲ့ အိပ်နေစဥ်အသက်ရှူရပ်သွားတတ်တာ (အဝလွန်သူတွေ)၊ အိပ်မက်မက်တတ်တာ၊ မျက်စိကြောင်နေတတ်တာ၊ restless legs syndrome လို့ခေါ်တဲ့ အိပ်နေစဥ် ခြေထောက်တွေလှုပ်ရှားမှုကို မထိန်းချုပ်နိုင်တာ စတဲ့ sleep disorders ရှိသူတွေဟာလည်း အိပ်ရေးမဝတတ်ပါဘူး။
အိပ်နေစဥ်ခန္ဓာကိုယ် အနေအထား
အိပ်နေစဥ်အနေအထားကလည်း သွေးဖိအားအပေါ် သက်ရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေကို ပြန်သယ်ဆောင်ပြီး နှလုံးကိုပို့ပေးတဲ့ သွေးကြောမကြီးတွေဟာ ခန္ဓာကိုယ်ရဲ့ညာဘက်ခြမ်း၊ နှလုံးရဲ့ညာဘက်ခြမ်းမှာ ရှိပါတယ်။ ညာဘက်ကို စောင်းအိပ်တဲ့အခါ အဆိုပါသွေးကြောတွေကို ဖိမိပြီး နှလုံးကို သွေးပြန်ပို့တာနည်းသလို ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုလည်း နည်းသွားတတ်လို့ ဘယ်ကိုစောင်းအိပ်တာက အကောင်းဆုံးအနေအထားလို့လည်း ဆိုကြပါတယ်။
ကိုယ်ဝန်ဆောင်တွေ လရင့်တဲ့အခါ ညာဘက်ကို စောင်းအိပ်ရင် ကြီးထွားနေတဲ့သားအိမ်က သွေးကြောတွေကို ဖိတဲ့အတွက် သွေးစီးဆင်းမှုနည်းပြီး ကလေးဆီကို သွေးနဲ့အာဟာရတွေ မရောက်တာဖြစ်နိုင်တာမို့ လရင့်လာရင် ဘယ်ဘက်ကိုသာ စောင်းအိပ်သင့်ပါတယ်။
Sleep apnoea ရှိတဲ့သူတွေကတော့ ပက်လက်မအိပ်သင့်ပါဘူး။ ပက်လက်အိပ်တဲ့အခါ အသက်ရှူလမ်းကြောင်းပိတ်သွားတတ်ပြီး stress hormones တွေ ထွက်လာတဲ့အခါ သွေးဖိအားလည်းများပြီး သွေးတိုးနိုင်ပါတယ်။
အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးတာ၊ စိတ်ဖိစီးတာနဲ့ အိပ်ရေးပျက်တာဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။
ကြာရှည်အိပ်ရေးပျက်ပြီး သွေးတိုး၊ နှလုံးရောဂါတွေ မဖြစ်ရအောင် တရားထိုင်တာ၊ ယောဂကျင့်တာ၊ အကြောလျှော့တာမျိုးနဲ့ စိတ်ဖိစီးမှုကို လျှော့ချပါ။
ညနေဘက် လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်း၊ လက်ဖက်စားခြင်းမှ ရှောင်ပါ။
မအိပ်ခင် ဖုန်း၊ ကွန်ပြူတာကြည့်ခြင်းမှ ရှောင်ပါ။
စိတ်ကိုလျှော့ချပြီး အိပ်ပျော်စေမယ့် သံစဥ်တီးလုံးလေးတွေ နားထောင်တာမျိုး လုပ်ပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်